ကျွန်တော် အရမ်းကြိုက်တဲ့ ကဗျာ တစ်ပုဒ်အကြောင်းပြောချင်ပါတယ်
။ ဆရာမင်းယုဝေ ရဲ့ ဤမိသားစု ဆိုတဲ့ကဗျာလေးပါ။
ဖတ်လို့နားလည်မယ်လို့ ထင်တယ်။
ဖတ်ကြည့်ကြပါဦး … ။
ဤမိသားစု
ညနေဆည်းဆာ ၊ နေ၀င်လာ၍
တံငါလှေများ ၊ လှိုင်းလေကြားဝယ်
ငါးကိုဆောင်ငင် ၊ ပိုက်ကိုတင်၍
ခုပင် အိမ်ပြန်လာကြပြီ
။
တံငါအများ ၊ ပြန်လာငြားလည်း
သားလှတစ်ယောက် ၊ လူပျိုပေါက်လျှင်
ရောက်မလာသေး ၊ မပြန်သေး
။
ခါတိုင်းဆိုလျှင် ၊
ဖခင်တံငါ ၊ သူငါးရှာ၍
သည်းချာဖေ့သား ၊ ကျောင်းသို့သွားလည်း
ခုကားခမျာ ၊ ဖဖျားနာ၍
ဝမ်းစာအတွက် ၊ သားလှတွက်တာ
လှိုင်းပြတ်မြစ်ပြင် ၊
ပိုက်ရေးငင်၍
သူလျှင် ငါးဖမ်းထွက်သတဲ့
။
တဲအိမ်တွင်းမှာ ၊
ရောဂါခံစား ၊ ချစ်လင်သားတွက်
မယားတံငါ ၊ ငန်းဆေးဝါကို
ညင်သာတိုက်ကျွေး ၊ ကုသပေးရင်း
လူလေးအိမ်ပြန် ၊ ရောက်ချိန်တန်မို့
ပူပန် မျှော်စောင့် နေရှာ၏
။
အချိန်ကြာ၍
ဆည်းဆာမတည် ၊ မှိုင်းညို့ရီကာ
နေသည်ကွယ်မြှပ် _ ညမိုးချုပ်
။
အိပ်တန်းတတ်ပြန် ၊ ကျေးငှက်သံလည်း
ဆူညံရာမှ _ ငြိမ်ဆိတ်ကြ ။
ဟောင်းနွမ်းညစ်ပေ ၊ မှိုင်းဝေေ၀နှင့်
ရေနံမီးခွက် _ တလက်လက် ။
အသင့်ပြင်ထား ၊ ထမင်းများလည်း
စားသူမျှော်လျက် _ အေးစက်စက်
။
မိနှင့် ဖလည်း
သားလှကိုသာ ၊ စောင့်မျှော်ရာမှ
ပူဆာရင်တွင်း ၊ စိုးရိမ်ခြင်းဖြင့်
သက်ပြင်းကိုချ _ တ တတ
။
ထိုရော်ကာလ ၊ တဲအိမ်ဝမှ
" အိုဗျ အဖေ ၊ အို
အမေတို့
ငါးတွေများစွ ၊ သားဖမ်းရ
" ဟု
သားလှမြည်တမ်း ၊ ငါးတောင်းထမ်းလျက်
အားစွမ်းမာန်ပြည့် ၊
ရောက်လာဘိသော်
မိနှင့်ဖတို့ _ မျက်ရည်စို့ ။
မင်းယုဝေ
(မင်္ဂလာမောင်မယ်ရုပ်စုံ မဂ္ဂဖင်း ၂၀၀၂ ခုနှစ်
ဒီဇင်ဘာလ )
ဒီကဗျာနဲ့ ပတ်သက် လို့ ကျွန်တော့် ခံစားချက်ကို
ပြောပြချင်တယ်။
ဒီကဗျာကို မဖတ်ဖူးခင်က ဆရာမင်းသုဝဏ်ရဲ့ ဖိုးမောင်လာပြီ ကဗျာကိုဖတ်ဖူးထားတော့
ဒီငါးဖမ်းသွားတဲ့ ကောင်လေးပြန်မလာမှာကို ကြောက်နေတယ်။ ဆရာ ဖွဲ့ဆိုထားတဲ့ စာသားတွေက
လည်း လူကို ရင်တထိတ်ထိတ် ဖြစ်လာစေတယ်။ညကလည်း မှောင်လာပြီ။နေလုံးလည်း ပျောက်သွား ပြီ။ငှက်တွေလည်း
အိပ်တန်းတတ်ကုန်ကြပြီ။ရေနံဆီ မီးခွက်ကလေး ကလည်းတလက်လက်နဲ့ … ။ ထမင်းတွေ ၊ ဟင်းတွေကလည်း
အေးစက်ကုန်ပြီ ။သူများနည်းတူ ပြန်မလာသေးတဲ့ သားကို စောင့် မျှော်နေမယ့် မိဘနှစ်ပါးရဲ့
သက်ပြင်းချသံ တဖွဖွကိုလည်း နားထဲမှာကြားယောင်လာပြီ။
ကဲ … ဘယ်လိုလုပ်ကြမလဲ … ။
ဒါပေမဲ့ သူရဲ့ "
အိုဗျ အဖေ ၊ အို အမေတို့ ငါးတွေများစွ ၊ သားဖမ်းရ " ဆိုတဲ့ ခေါ်သံကို ကြားလိုက်ရတော့ ကိုယ်လည်း ပျော်သွားမိတယ်။
ငါးတွေ အများကြီး ဖမ်းမိလို့ ငါးတောင်းကြီးကို ထမ်းပြီးရောက်လာတဲ့ ကောင်လေးရဲ့မျက်နှာကို
ကျွန်တော်တို့ မှန်းလို့ရတယ်။ပြန်ရောက်လာတဲ့ သားကိုကြည့်ပြီးတော့ အမေနဲ့အဖေရဲ့ ၀မ်းသာလွန်းလို့
ကျလာတဲ့ မျက်ရည်ကို ကျွန်တော်တို့ ခံစားလို့ ရတယ်။ ဒါ မိသားစုပါပဲ ။မိသားစုတွေထဲကမှ
ဤမိသားစု ပေါ့ ။
ဤမိသားစု လိုပဲ တခြားမိသားစုတွေ
ရှိကြပါဦးမယ်။တခြား ဖတ်ရှုသူတွေရဲ့ ထင်မြင်ချက်တွေကိုလည်း သိချင်ပါတယ်။
ကြိုးကြာနီ
P .S (
ဆရာမင်းသုဝဏ်
ရဲ့ ဖိုးမောင်လာပြီ ကဗျာကို နောက်မှတင်ပေးပါဦးမယ်
… ။ )

0 comments:
Post a Comment