Tuesday, May 29, 2012

Android ဖုန်းတွေအတွက် Ebooks Reader လေးများ


စာအုပ်တွေကို ချစ်မြတ်နိုးကြတဲ့သူတွေအတွက် ကိုယ်ကြိုက်တဲ့စာအုပ်တွေကို အလွယ်တကူ ဖတ်ရှုလို့ရအောင် ကျွန်တော်သိတဲ့ Ebooks Reader apps လေးတွေကို မျှဝေလိုက်ပါတယ်။ ကျွန်တော် အကြိုက်ဆုံး reader လေးတွေဖြစ်ပါတယ် ။

1.1000+ Free Ebooks Reader



သူ့ကိုအကြိုက်ဆုံးပါပဲ။ သူ့ကိုထွင်တဲ့ဆိုဒ်က www.eprint-studio.com ဖြစ်ပါတယ်။ တစ်နေ့ ကို စာအုပ် ၁၀ အုပ် ကျော်ကျော်တင်ပေးတယ်လို့ သိရပါတယ်။
Harry Potter ( 1-7 ), Twilight Saga Series,The Chronicles of Narnia 7 in 1  အစရှိတဲ့ ကျော်ကြားတဲ့ စာအုပ်တွေ Series လိုက်ကို Free Download ဆွဲပြီးဖတ်ရှုနိုင်ပါတယ်။ စာရေးဆရာ StephenKing ရဲ့စာအုပ်ပေါင်းတော်တော်များများ ကို တွေ့ရပါတယ်။ Category ပေါင်း (၁၃) ခုက စာအုပ်တွေကို ရယူနိုင်ပါတယ်။နောက်ဆုံး Biography ဆိုတဲ့ ကဏ္ဍမှာ Walter Isaacson ရေးတဲ့ Steve Jobs ရဲ့အတ္ထုပ္ပတ္တိကိုတောင် Download ရယူနိုင်ပါတယ်။
http://www.1mobile.com/10000-free-ebooks-reader-348888.html မှာ Download ရယူနိုင်ပါတယ်။ 

2.Free ebooks

 
 သူကတော့ Ebook တွေ download လုပ်လို့ရနိုင်မယ့် ဆိုဒ်လေးတွေကို စုစည်းပေးထားတဲ့ application တစ်ခုဖြစ်ပါတယ်။ ဆိုဒ်ပေါင်း ၂၂ ဆိုဒ် ပါဝင်ပါတယ်။ဆိုဒ်တစ်ခုခြင်းဆီကို Browser တွေနဲ့ လိုက်ရှာနေမယ့် အစား ဒီ apps ကို သုံးပြီးတော့ ဆိုဒ်ပေါင်း ၂၂ ဆိုဒ်က စာအုပ်တွေကို အားရပါးရ Download ပြုလုပ်နိုင်ကြပါ တယ်။(download ဆွဲခါနီးမှသာ Browser ကိုသုံးရတာ ဖြစ်ပါတယ်။)
http://www.1mobile.com/free-ebooks-343618.html  မှာ download ရယူနိုင်ပါတယ် ။

3.Go Book

Reader တစ်ခုလို အသုံးပြုနိုင်သလို manybooks.com နဲ့ feedbook.com က စာအုပ်တွေကို free download ဆွဲယူ ဖတ်ရှုနိုင်ပါတယ် ။ဖတ်ရှုနိုင်တဲ့ စာအုပ်ဖိုင် အမျိုးအစားက epub file အမျိုးအစား တွေ ဖြစ်ပါတယ်။သူ့ရဲ့ Display ကလည်း စင်ပေါ်မှာ စာအုပ်လေးတွေ စီထားသလို မြင်တွေ့ရမှာပါပဲ။
http://www.1mobile.com/go-book-88382.html မှာ download ရယူနိုင်ပါတယ် ။

4.Aldiko

သူကလည်း Go Book နဲ့ ခပ်ဆင်ဆင်ပါပဲ ။ feedbook.com က စာအုပ်တွေကို free download ဆွဲယူ ဖတ်ရှုနိုင်သလို ဖတ်ရှုနိုင်တဲ့ စာအုပ်ဖိုင်အမျိုးအစားကလည်း epub file အမျိုးအစားတွေ ဖြစ်ပါ တယ်။ဒါပေမဲ့ စာအုပ် download ဆွဲတဲ့ store ကိုရောက်ဖို့ နည်းနည်းကြာပါတယ်။ အခကြေးငွေနဲ့ လည်း စာအုပ်တွေကို ၀ယ်ယူဖတ်ရှုနိုင်ပါတယ်။(ကျွန်တော်ကတော့ free ebooks တွေကိုပဲ download ဆွဲနိုင်ပါသေးတယ်။)
http://www.1mobile.com/aldiko-book-reader-61225.html ကနေ download ရယူနိုင်ပါတယ် ။ 

5.1000+ Facts

စာအုပ် file လေးဖြစ်ပါတယ်။ စာမျက်နှာပေါင်း ၁၀၀၀ ပါဝင်ပါတယ်။အားလုံးက အချက် အလက်တွေပါပဲ။ အကြောင်းအရာပေါင်းစုံနဲ့ သက်ဆိုင်တဲ့ အချက်အလက်မျိုးစုံကို ဖတ်ရှုနိုင်ပါတယ်။ Internet connection မလိုအပ်ပါဘူး။ Install လုပ်ပြီးတာနဲ့ ဖတ်ရှုနိုင်ပါတယ်။စာမျက်နှာ ၅ မှာ ဒီလိုမျိုးရေးထားပါတယ်။
A volcano has enough power to shoot ash as high as 50 km into the atmosphere .
http://www.1mobile.com/1000-amusing-facts.-365522.html မှာ Download ရယူနိုင်ပါတယ်။

6.20000 Jokes

Category တွေ များစွာက ဟာသတွေကို အားရပါးရ ဖတ်ရှုနိုင်ပါတယ်။ Internet connection မလိုအပ်ပါဘူး။ Install လုပ်ပြီးတာနဲ့ ဖတ်ရှုနိုင်ပါတယ်။ကြိုက်တဲ့ ဟာသတွေကို favourite ထဲ ထည့်ပြီး နောက်ထပ် ထပ်ဖတ်နိုင်ပါတယ်။ ဒါအပြင် ကိုယ်အကြိုက်ဆုံး ဟာသတွေကို Bluetooth , Gmail တို့နဲ့ share လုပ်နိုင်ပါသေးတယ် ။
http://www.1mobile.com/20000-awesome-jokes-136506.html  မှာ download ရယူနိုင်ပါတယ် ။

7.Funny Fact Free

ဒီ apps လေးက ကျော်ကြားတဲ့ အဆိုအမိန့်တွေ ၊ ဟာသတိုလေးတွေ ၊ကမ္ဘာ့မှတ်တမ်းတွေကို စုစည်းပေးထားတာပါ။ Internet connection မလိုအပ်ပါဘူး။ Install လုပ်ပြီးတာနဲ့ ဖတ်ရှုနိုင်ပါတယ်။ Category ၁၃ ခုရှိပြီး အချက်အလက်ပေါင်း ၈၃၇၀ ရှိပါတယ်။ ကိုယ်နောက်ဆုံး ဖတ်ခဲ့တဲ့ စာမျက်နှာ ကို မှတ်ပေးနိုင်ပါတယ်။ကြိုက်မိတဲ့ ဟာသလေး တစ်ခုကို ဖော်ပြလိုက်ပါတယ်။
What' s the difference between a lawyer and a vampier ?
- A vampire only sucks blood at night.
http://www.1mobile.com/funny-facts-free-8000-88766.html မှာ download ရယူနိုင်ပါတယ်။

8.EbookDroid
 သူကတော့ reader သက်သက်သာ ဖြစ်ပါတယ်။ကိုယ်ရဲ့ SD Card ထဲက PDF file အမျိုးအစား စာအုပ်တွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။သူ့ရဲ့ Display ကတော့ စင်ပေါ်မှာ စာအုပ်လေး တွေ တင်ထားသလိုမြင်တွေ့ ရမှာ ဖြစ်ပါတယ်။
http://www.1mobile.com/ebookdroid-196200.html  မှာ download ရယူနိုင်ပါတယ်။

9.ezPDF Reader

သူက Reader သက်သက်သာ ဖြစ်ပါတယ်။ PDF file အမျိုးအစား စာအုပ်ဖိုင်တွေကို အလွယ်တကူ ဖတ်ရှုနိုင်ပါတယ် ။နောက်ဆုံးကိုယ် ဖတ်ခဲ့တဲ့ စာမျက်နှာကို မှတ်ထားပေးနိုင်ပါတယ် ။
http://www.1mobile.com/ezpdf-reader-cloud-plugin-346272.html မှာ download ရယူနိုင်  ပါတယ်။

ကြိုးကြာနီ
Credit to   www.1mobile.com




















Tuesday, May 15, 2012

မနှင်းဆီ ဖတ်ရန် အလွမ်းရှုခင်း တစ်ချပ်



နေ့ရက်တွေ ရာသီတွေ တွန်းတွန်းတိုက်တိုက်နဲ့ ကျွန်တော့်အနားက ဖြတ်သန်းသွားနေကြတယ်။ အစွဲအလန်းကြီးသူတိုင်းအတွက် ချစ်ခြင်းဆိုတာ ဖွဲမီးလို့ ယုံပါ မနှင်းဆီ ။ ပရိုမီးသယပ် လွတ်မြောက်ခြင်း ။ အိပ်မက်တွေကို ပိုးမွေးသလိုမွေးမိရင်း မျှော်လင့်ခြင်းဟာ တစ်စစ ကြီးထွားလာခဲ့တယ်။ ဒါပါပဲ မနှင်းဆီရယ်။ လောကကြီးထဲမှာ အမေတွေက သူတို့သားတွေ အိမ်ပြန်လာချိန်ကို မျှော်ကြတယ်။မိန်းမတွေက သူတို့ ယောက်ျားတွေ ပြန်အလာကိုမျှော်ကြတယ်။သူတို့ ကလေးတွေ ပြန်အလာကို မျှော်ကြတယ်။တချို့က ထမင်းတလုပ်ကို မျှော်ကြတယ်။တချို့က ဥစ္စာဓနကို မျှော်ကြတယ်။တချို့က ချစ်ခြင်းမေတ္တာကို မျှော်ကြ တယ်။တချို့က ငြိမ်းချမ်းမှုကို မျှော်ကြတယ်။တချို့က ရာထူးစည်းစိမ်ကို မျှော်ကြတယ်။တချို့က ရေကြည် တပေါက်ကို မျှော်ကြတယ်။မနှင်းဆီရယ် … ကျွန်တော်ကရော ဘာတွေကို မျှော်နေမိပါလိမ့် … မနှင်းဆီ ကိုလား (ဒါမှမဟုတ်) ပျော်ရွှင်ခြင်းကိုလား (ဒါမှမဟုတ်) တစ်စုံတစ်ရာ ။ ဒါပေမဲ့ မနှင်းဆီရယ် … မနှင်းဆီနဲ့ ကျွန်တော်၊ ပျော်ရွှင်ခြင်းနဲ့ ကျွန်တော် ၊ တစ်စုံတစ်ရာနဲ့ ကျွန်တော်တို့ဟာ ဝေးတယ် ။ ဝေးခဲ့တယ် ။ ဝေးရ တယ် ။ ဝေးနေရတယ် ။ခုဆို မနှင်းဆီ ဘယ်ဆီမှာလဲ … ၊ ကျွန်တော်ကရော ဘယ်ဆီမှာတဲ့လဲ။ အထီးကျန် နေ့ရက်စိမ်းများစွာ … ၊ နေရောင်စိမ်းစိမ်း ၊ လရောင်စိမ်းစိမ်း ၊ ပင်လယ်စိမ်းစိမ်း ၊ လမ်းမစိမ်းစိမ်း ၊ကောင်းကင်စိမ်းစိမ်း ၊ ကြယ်စင်စိမ်းစိမ်း ၊ လေညင်စိမ်းစိမ်း ၊ နှင်းငွေ့စိမ်းစိမ်း ၊ မြူမှုန်စိမ်းစိမ်း ၊ ပြီးတော့ အလွမ်းစိမ်းစိမ်း ။ မြို့ကြီးတစ်ခုလုံး ၊ နှလုံးသားတစ်ခုလုံးမှာ အမှောင်တိုက်နေတဲ့ အစိမ်းရောင်တွေပါ  မနှင်းဆီရယ် … ။ 

မနှင်းဆီမရှိတဲ့ ကျွန်တော်တို့မြို့ကလေးမှာ ပန်းပွင့်တွေ ကိုယ်သင်းရနံ့ သေဆုံးခဲ့တယ်။ သက်တံတွေ လေသင်တုန်း ဖြတ်ခံရတယ်။ လွမ်းတယ် မနှင်းဆီရယ်။ ကျွန်တော့် ဒိုင်ယာရီထဲမှာ မီးခက်မီးညွန့်တွေ ယိမ်း ကနေခဲ့ကြတယ်။ ကျွန်တော့် ဒိုင်ယာရီထဲမှာ ကမ္ဘာမြေတလွှားဆီက ကလေးတွေ ငိုနေကြတယ်။ ပေါင်မုန့် ဆီ နှုတ်ခမ်းတွေ တုန်ရင်နေကြတယ်။ ဒုက္ခိတ ဝေဒနာသည်တွေက ငြီးတွားနေကြ တယ်။မိခင်တွေ က ကြေကွဲလှိုက်ဟာနေကြတယ်။ အစာအိမ်တွေဆီက ချွေးတွေ တဒီးဒီးကျနေတယ်။ နျူကလီးယားဗုံးတွေ စမ်းသပ်ဖောက်ခွဲနေကြတယ်။ စစ်အေးခေတ်ရဲ့ ကြေညာချက်တွေ စီးဆင်းနေတယ်။တတိယကမ္ဘာက တံခါးဟောင်းကို ထုနှက်နေကြတယ်။နည်းပညာတွေ ပေါက်ကွဲနေကြတယ်။ အတတ်ပညာတွေ တဟုန်းဟုန်း မြည်နေတယ်။

အို … မနှင်းဆီရယ် … ပြီးတော့ မနှင်းဆီကို လွမ်းတဲ့ ကျောက်တုံးတစ်တုံးဆီက မီးခတ်သံတွေ … မီးခတ်သံတွေ နေ့နေ့ညည ဆူညံလို့ပါပဲ မနှင်းဆီရယ် … ။ကျွန်တော့်အနားမှာ မနှင်းဆီမရှိတော့ ပိုမိုလို့ အားငယ်ရတယ်။အိပ်မရဘူး မနှင်းဆီ ။ တစ်နေ့ … တစ်နေ့ ညှော်နံ့ တထောင်းထောင်း၊ ခိုအိမ်နဲ့ မှိုနံ့ တထောင်းထောင်း၊ ညှီနံ့ တထောင်းထောင်း ၊ မနှင်းဆီရယ် ။ "လူ" လို့ အမည်မှည့်ထားတဲ့ ငွေဒင်္ဂါးပြား တွေက လမ်းမပေါ်မှာ ပခုံးခြင်းတိုက်ကြတယ်။ အမြီးကျက်အမြီးစား ၊ ခေါင်းကျက်ခေါင်းစားတွေ ၊ ကတုံး ပေါ် ထိပ်ကွက်မဲ့သူတွေ ၊ မျက်ခုံးမွေးပေါ် စင်္ကြံလျှောက်သမားတွေ ၊ လိမ္မာပါးနပ်မှုနဲ့ အစွမ်းကုန်ဖွင့်ထုတ် တတ်တဲ့ ယဉ်ကျေးမှုတွေနဲ့ လူ့လောကဆိုတာဟာ သွေးဆာနေတဲ့ မြေခွေးအစွယ်ကြားက စီးကျလာတဲ့ သားရေတစ်စက်ပါပဲ မနှင်းဆီ ။ ဘာပဲဖြစ်ဖြစ် မနှင်းဆီကို လွမ်းတယ်။ မနှင်းဆီနေထိုင်တဲ့ တောင်ပေါ်မြို့လေးကို လွမ်းတယ်။တောင်ပေါ်သူ တောင်ပေါ်သားတွေရဲ့ ရိုးသားပွင့်လင်းမှု ၊ အေးချမ်းတည်ငြိမ်မှု ၊ နာပျော်ဖွယ် စကားသံဝဲ၀ဲ ။ ပြီးတော့ မနှင်းဆီ ပါးနီနီလေးလေးတွေ ကင်းမဲ့တဲ့ ဟောဒီလို မြို့ပြဆိုတဲ့ အရပ်ဟာ ပူလွန်းပါတယ်။ မပျော်ဘူး မနှင်းဆီ ။ ကျွန်တော် မပျော်ဘူး။ သမိုင်းဦးဘုံမြေခေတ်ကစလို့ နောင်ကမ္ဘာကြီး ကြေပြုန်းတဲ့ အဆုံးတိုင် အများစုသော လူသားတွေဟာ ငြိမ်းချမ်းခြင်းနဲ့ တွေလိမ့်မယ်မဟုတ်ဘူး မနှင်းဆီ ။ ကမ္ဘာကြီးဟာ မငြိမ်းချမ်းနိုင်ဘူးလို့ပဲ ကျွန်တော် ယုံနေမိတယ်။

လောဘ၊ မောဟ ၊ ဒေါသတွေ ၊ မစ္ဆရိယစိတ်တွေ ၊ မာန်မာနတွေ ၊ ကိုယ်ကျိုးစီးပွား လွန်ကဲမွတ်သိပ်မှုတွေ ၊ ရမ္မက်တွေ ၊ ရင်ခုန်သံတွေ ၊ ရက်စက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ လူတို့ရဲ့နေရာဟာ ပြုံးတစ်လှည့်မဲ့တစ်ခါပဲ ရှိမှာပါ မနှင်းဆီရယ်။တကယ်တော့ လူတွေဟာ ကိုယ့်နှလုံးသားထဲမှာ ကိုယ်ပြန်မရှာလို့ပါ မနှင်းဆီရယ်။ အဝေးကြီးမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဆိုတာ အဲဒီမှာပဲ ရှိတယ်။

ကျွန်တော့်နှလုံးသားကတော့ ကမ္ဘာ့မြေပုံက တစ်ဖက် ၊ မနှင်းနေတဲ့ တောင်ပေါ်မြို့လေးက တစ်ဖက်နဲ့ ကျွန်တော်ဟာ မြေပုံလမ်းညွှန်တစ်ချပ်များ ဖြစ်နေပြီလား မသိဘူး မနှင်းဆီ ။ ဘာပဲဖြစ်ဖြစ် ပျော်အောင်နေပါ မနှင်းဆီရယ်။ ကိုယ်မပျော်နိုင်တောင်မှ အခြားသူတစ်ဦးတလေ ပျော်နေတာကို တွေ့ရရင် ကျွန်တော် ကြည်နူးနေမှာပါ ။ ဒါပါပဲ မနှင်းဆီက ဘာတွေဖြစ်နေမလဲ ၊ ကျွန်တော်ကရော ဘာတွေ ဖြစ်နေဦးမှာလဲ။ ဘ၀ဆိုတာ "လိုအပ်ခြင်း" တွေသက်သက်နဲ့ ဖွဲ့စည်းထားတဲ့ သုညတစ်လုံးပါပဲ … ။ မနှင်းဆီက ရတနာ ကုန်သည်မလေး ဖြစ်ချင်ဖြစ်မယ်။ ကျောက်တွင်းသူဌေးမလေး ဖြစ်ချင်ဖြစ်မယ် (ဒါမှမဟုတ်) အမျိုးကောင်း သား ကြေးရေတတ်တစ်ဦးနဲ့ အိမ်ထောင်ကျချင် ကျနေမယ်။ (ဒါမှမဟုတ်) ဘုရားဝတ်ပြုရင် ပြုနေမယ်။ ဒါပါပဲ မနှင်းဆီ ။ကျွန်တော်ကလည်း ပန်းချီတွေဆွဲ ၊ သီချင်းတွေဆို ၊ ကဗျာတွေ ရေးနဲ့ အခုလိုပဲ လူက ခပ်မွဲမွဲ မာနက ခပ်ကြီးကြီးနဲ့ မျက်ရည်လွယ်ချင် လွယ်နေလိမ့်မယ်။ကျွန်တော့်မှာ ကိုယ်စောင့်နတ်ဆိုတာ ရှိခဲ့ရင်တောင် မနှင်းဆီနာမည်နဲ့ နေမှာပါ မနှင်းဆီရယ်။ဝေးကွာခြင်းဟာ ဟိုးချောက်ကမ်းပါးနက်နက်ထိ ဆွဲခေါ်ညို့ယူပြီးရင် လွမ်းဆွတ်ခြင်းဟာ ကြိုးစင်ပေါ်မှာ တေးတစ်ပုဒ်ကို သီကြူးနေလိမ့်မယ်။ ခုဆို ဘယ်လို ဘယ်ခရီးဆက်လို့ ဘယ်လိုအိပ်မက်တွေနဲ့ ခင်ဗျားပျော်မွေ့နေသလဲ မနှင်းဆီ ။ခင်ဗျား ဘယ်ဆီမှာလဲ မနှင်းဆီ ။ ဒီလိုနဲ့ ဘ၀ဆိုတာ နေမညိုခင် မျက်ရည်ဆိုတာ မတိမ်ကောတဲ့ စီးဆင်းမှုပဲလား ။

ဟိုးမှာ ကြိုးကြာငှက်တွေ ဆည်းဆာကို ရင်နဲ့တိုးဝှေ့ပြီး ပျံသန်းသွားနေကြတယ်။ဘ၀ရဲ့ သုခုမတစ်ရပ် လုံးက မနှင်းဆီရဲ့ အပြုံးတွေနဲ့ပဲ စိုရွှဲနေပေါ့ ။ ရင်ထဲမှာ လှိုင်းတွေက တအုန်းအုန်း … ကမ်းပါးတွေလည်း ပြိုနေတယ်။မနှင်းဆီက ကျွန်တော့် အချစ်ထဲ ခုန်ချဖို့ ငြင်းဆန်ခဲ့တယ် ။ သိခဲ့ပါပြီ မနှင်းဆီရယ် ။ အချစ်ဆိုတာ လေကလေး တချွန်ချွန်နဲ့ မဟုတ်ဘူးဆိုတာ ။

ခေါင်းလောင်းထိုးသံတွေဟာ အက်ကွဲစွာ မြည်နေတယ်။ သူငယ်ချင်းတစ်ယောက်ကတော့ ပြောတယ် အချစ်ဆိုတာ နောင်နှစ်တွေ အတော်ကြာမှ ပြန်ပြောင်းပြောဆိုရင်း ရယ်မောရတတ်တဲ့ အဆွေးနဲ့ မြည့်မြည့် ပြက်လုံးတစ်ခုတဲ့။ ကျွန်တော် မရယ်နိုင်ခဲ့ပါဘူး မနှင်းဆီရယ်။အဲဒီတုန်းကလည်း မနှင်းဆီရှေ့မှာ ခေါင်းငုံ့ ရပ်နေရင်း ကျွန်တော် ရေနစ်နေခဲ့တယ်။ စိတ်မဆိုးပါနဲ့ မနှင်းဆီ ကျွန်တော် သွားတော့မယ်။ မနှင်းဆီလည်း သွားလေ ၊ ဟိုမှာ အဆောင်တံခါးပိတ်နေပြီ ။ ရင်ထဲမှာ ဟာတာတာနဲ့ ဘာမှ မရှိတော့ဘူး မနှင်းဆီ ။ နှလုံးသား တစ်ခုလုံး ၊ ဆင်ခြင်အသိတရား တစ်ခုလုံး မနှင်းဆီတို့ အဆောင်ရှေ့မှာ ကျကျန် ခဲ့ဘူးတယ်။ အဲဒီတုန်းက အဆောင်ရှေ့မှာ တမာရွက်ခြောက်တွေ ကြွေနေသလား ၊ ကြွေမနေပါဘူးလား ဆိုတာတောင် ကျွန်တော် မမှတ်မိတော့ဘူး ။ ယောက်ျားတန်မဲ့ ပဋာမြေလူးမတက် ကခဲ့ရတဲ့ ကြေကွဲ ပြဇာတ်ပါ ။ မနှင်းဆီ ကျွန်တော့်ကို မမုန်းပါနဲ့ ။မနှင်းဆီဟာ ကျွန်တော့်အတွက် ခွန်အားပါ။ မနှင်းဆီဟာ ကျွန်တော့်အတွက် ကဗျာပါ။ ဒါပေမဲ့ မနှင်းဆီနဲ့ ကျွန်တော်တို့ တရွေ့ရွေ့ စိမ်းခဲ့တယ်။ မနှင်းဆီနဲ့ ကျွန်တော်တို့ အဆောင်ရှေ့ က ညနေခင်းတွေဟာ ဆုံးပါးခဲ့တယ်။

အဲဒီတုန်းကဆို ကျွန်တော်လေ လက်ဖက်ရည်ဆိုင်ရှေ့မှာလည်း သီချင်းနားမထောင်ရဲခဲ့ဘူး ။ သစ်ရွက်လေး တစ်ရွက် ကြွေတာ မြင်ရင်တောင် စိတ်က မခိုင်တော့တဲ့ အချိန် ။ သီချင်းတစ်ပုဒ်ကိုသာ အရှင်လတ်လတ် နားထောင်လိုက်ရရင် ကျွန်တော်ပြိုလဲသွားမိမှာအမှန်ပဲ မနှင်းဆီ။ လွမ်းရတယ် မနှင်းဆီရယ် … ။ ကြာတော့ လည်း ကြာခဲ့ပါပြီ ။ ခုဆို မနှင်းဆီနေတဲ့ ရွှေမန်းဆောင်ရှေ့မှာ တမာရွက်ခြောက်ကလေးတွေက တစ်ခါတုန်း က မနှင်းဆီကို အဝေးကနေ လာလာခိုးကြည့်နေတတ်တဲ့ ကျွန်တော့်အကြောင်းကို စမြုံ့ပြန်နေမလားပဲ။ တမာရွက်ခြောက်ကလေးတွေကတော့ သိပါလိမ့်မယ်။သူတို့ရဲ့ရင်ဘတ်အောက်မှာ ကျွန်တော့်အချစ်တွေကို မြုပ်နှံထားခဲ့တယ်ဆိုတာကိုပေါ့ မနှင်းဆီ ။ နန်းကေသီဆောင် ၊ မမေဇွန်တို့ စတိုးဆိုင်လေး ။ ပန်းချစ်သူ ကဖေး၊ နောက်တတိယနှစ်ရောက်တော့ ရွှေမန်းဆောင် ၊ မနှင်းဆီနဲ့ ကျွန်တော် စစ်ပြေငြိမ်းခဲ့တဲ့ အထိမ်းအမှတ် 81 CLUB ။ မင်းရာဇာကဖေး ၊ သျှိသျှားနီလာအဝေးပြေးကားဂိတ် ။
" စံညိမ်းဦး … နင်ဟာအရူးပဲ "  ပြီးတော့ အဆောင်ရှေ့က ညတွေ … ဂစ်တာသံတွေ ၊ သီချင်းတွေ ၊ ခွဲခွာခြင်းကို နှစ်သိမ့်ရတဲ့ အပြုံး ၊ လွမ်းတဲ့ညတွေလွန်ပါစေ။ အချစ်ရဲ့လက်များနဲ့ ၊ ခုနစ်ပြည်ထောင် ၊ နှင်းဆီဖြူရဲ့အဝေးက လူတစ်ယောက် ၊ ယုံကြည်တတ်ပါ ၊ ဒြပ်မဲ့ထုထည် ၊ ဝေးလည်း မမေ့နဲ့ ၊ ပြီးတော့ မနှင်းဆိကြိုက်တဲ့ " နှင်းစက်နဲ့လမ်း " ၊ ပြီးတော့ ကျွန်တော် ခဏခဏဆိုဖြစ်တဲ့ ကိုနေ၀င်းရဲ့ " ပျော်တော် ဆက် " ။ မနှင်းဆီရယ် ၊ မနှင်းဆီကို သီချင်းနဲ့ သိပ်ခဲ့ရတဲ့ အဆောင်ရှေ့က ညများစွာဟာ ကျွန်တော့် လူငယ်ဘ၀ရဲ့ ကြည်နူးမှု အမာရွတ်လေးတွေပါ။ ခုနေ အဲဒီ အမာရွတ်လေးတွေကို ပွတ်သပ်ရူးမူး ကြည့်ရင် သီချင်းသံတွေ ပြန်ထွက်ကျလာလိမ့်ဦးမယ် မနှင်းဆီ ။ ကျောင်းကြီးပိတ်လို့ မနှင်းဆီ ပြန်သွားပြီးတဲ့နောက် မှာတော့ ကျွန်တော်ဟာ အရုပ်ကြိုးပြတ် ။ ဘာကိုမှ အလိုမကျတော့ဘူး ။ အကောင်းလည်း မမြင်မိတော့ဘူး ။ မနှင်းဆီရဲ့ အပြုံးအောက်မှာ ကျွန်တော်ဟာ အရူးအမူးနဲ့ နောက်ထပ် အရှုံးတွေ ပေးနေချင်မိခဲ့တယ် ။ မနှင်းဆီရဲ့ အပြုံးတွေကို ငတ်ခဲ့တယ်။ မနှင်းဆီရဲ့ မျက်ဝန်းလဲ့လဲ့ကို ငတ်ခဲ့တယ်။မနှင်းဆီရဲ့ ခြေဖမိုးလေး ကို ငတ်ခဲ့တယ်။မနှင်းဆီရဲ့ ကိုယ်သင်းရနံ့ကို ငတ်ခဲ့တယ်။ မနှင်းဆီရဲ့ စကားသံတွေကို ငတ်ခဲ့တယ်။

ခုဆို ၁၉၉၇ တဲ့ မနှင်းဆီရယ် ။ ကြာတော့ ကြာခဲ့ပါပြီ မနှင်းဆီ ။ တစ်ခါတစ်လေမှာမနှင်းဆီရဲ့ အရိပ်တွေ ၊ မနှင်းဆီရဲ့ ခြေရာတွေကို ကျောင်းထဲမှာ စက်ဘီးတစ်စင်းနဲ့ ရှာဖွေနေမိတယ်။ မနှင်းဆီနဲ့ ပတ်သက်လာရင် ကျွန်တော် တရားမရတော့ဘူး ထင်ပါရဲ့ မနှင်းဆီရယ် ။ ကျွန်တော့် အခန်းက မှောင်လို့ အခုထက်ထိ မီးပြင်သမား ရောက်မလာသေးဘူး မနှင်းဆီ ။ မနှင်းဆီကို ပိုင်ဆိုင်လိုစိတ်ထက် မနှင်းဆီရဲ့ အပြုံးတစ်ချက် ၊ မနှင်းဆီရဲ့ စကားတစ်ခွန်း ၊ မနှင်းဆီရဲ့ အကြည့်တစ်ချက် ၊ ဒါပါပဲ မနှင်းဆီရယ် ၊ ဒီအချိန်မှာ ဒီဘ၀မှာ ချစ်မေတ္တာရဲ့ မွတ်သိပ်မှုက ဒီထက်မပိုတော့ဘူးဆိုတာ မနှင်းဆီ ယုံကြည်ပေးပါ ။
ကျွန်တော်တို့ မြို့ထဲဆီ အဝေးပြေးကားလေးတွေ ဖြတ်သွားတိုင်း မနှင်းဆီပါမလားရယ်လို့ လှမ်းလှမ်းငေး နေမိတယ် ။ မနှင်းဆီဆီက ဘာသတင်းမှ မကြားရတော့ကျွန်တော်တို့ မြို့ရဲ့စာတိုက်ပုံး နီနီလေးဟာလည်း ကျွန်တော့်အတွက် ဘာမှ အသုံးမ၀င်တော့တဲ့ အမှိုက်ပုံးတစ်လုံးလိုပါပဲ မနှင်းဆီ ။ မနှင်းဆီတို့ အိမ်ခေါင်မိုး မှာ ငှက်ကလေးတစ်ကောင် လာနားရင်း တစာစာ အော်မြည်နေခဲ့ရင် ကျွန်တော့်ရင်ပေါ်မှာနားပြီး ပျံသန်း ရောက်ရှိလာတဲ့ ငှက်ကလေးတစ်ကောင်လို့ နားလည်လိုက်ပါတော့ မနှင်းဆီရယ် ။ ကြာတော့ ကြာခဲ့ပါပြီ မနှင်းဆီ။ ကြာခဲ့ပါပြီ ။ ဟိုး … ကျွန်တော့်ကောင်းကင်တစ်ခိုမှာ ရွှေစွန်ညိုက မျက်ရည်လိုလို့ ၀ဲခဲ့တယ် ဆိုလား … ။
လွမ်းတယ် မနှင်းဆီရယ် …. ။
စံညိမ်းဦး
၁၉၉၇ ၊ ဒီဇင်ဘာ ၊ မင်္ဂလာ မဂ္ဂဇင်း
စိတ်ကူးချိုချိုစာအုပ်တိုက် ( အက်ဆေး ၁၀၀ ) မှ  ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။ ကြိုက်ကြမယ်လို့ထင်ပါတယ်။

Sunday, May 13, 2012

လင့် ကဗျာ

ကလစ် … ကလစ်
လင့် ရှိနေလား
လင့် ချိတ်ထားလား
လင့် ပျက်သွားပြီလား
လင့် အလုပ်မလုပ်တော့ဘူးလား
လင့်ကို ဖျက်လိုက်ကြတာလား
လင့် က လိုင်းနဲ့ ပေါင်းပြီး ကြောင်သွားပြီလား … ဂေါက်သွားပြီလား
ကလစ် … ကလစ် …
လင့် … လင့် မင်းဘယ်ရောက်သွားပြီလဲ
သတ်မှတ်ထားတဲ့ နေရာတစ်ခုအတွက် မင်းရှိနေရတာလေ ။
စုစည်းမှုတွေ အတွက် ၊ ချိတ်ဆက်မှုတွေ အတွက်
မင်းရှိနေတာ မဟုတ်လား ။
ငါတို့က လင့် မရှိလို့ မရဘူးနော် …
လင့်ရှိနေမှ အဆင်ပြေမှာပေါ့ ။
မင်းရှိနေမဲ့ နေရာကို ငါ copy link location လုပ်လိုက်ပါမယ် …
တချို့လင့် က sexy
တချို့လင့် က copy ပေါ့ ။
ဒီပုံ ဒီနေရာက ယူတယ်။
ဟိုဆိုဒ် ကို အရမ်းကြိုက်တာပဲ ။
ဒီပို့စ် ကို ပြန်ဖတ်နိုင်တယ်။
ဒီနေရာ မှာ download ယူနိုင်တယ်။
ကျွန်တော့်ဘလော့လေး ကို လာလည်ကြပါဦး …
Click here to download
တချို့တွေက ပြောလာပြီ
လင့် နေကောင်းနေပါစေ ။
လင့် ရှင်းရှင်းလင်းလင်းလဲ ဖြစ်ပါစေ ။
If this link does not work,Click here .
ကြိုးကြာနီ
Ref; ပန်ဒိုရာ - ပြောနေရင် လိုင်းကျသွားတယ်